
(Source:http://illuminations.nctm.org/lessons/6-8/magic/turtle.gif)
Knowledge is the food of the soul
(Plato)
(Plato)
Magic Square လို့ခေါ်တဲ့ မှော်အင်းကွက်တွေကို သင်္ချာနယ်ပယ်၊ ဂမ္ဘီရနယ်ပယ်တွေမှာ စိတ်ဝင်တစား လေ့လာဆည်းပူး အသုံးချနေ ကြတာကို တွေ့ရခြင်းဖြင့် ဒီအင်းကွက်တွေဟာ သာမန်ထက် ထူးခြားနေတယ် ဆိုတာ သိသာနိုင်ပါတယ်။ အင်းစတုရန်းတွေဟာ တတိယအဆင့် 3rd Order ကနေ စတင်ပါတယ်။ အလျားလိုက် ဒေါင်လိုက် ၃ ကွက်စီပါတဲ့ အင်းမျိုးဖြစ်ပါတယ်။ ပထမအဆင့်နဲ့ ဒုတိယအဆင့် အင်းဆိုတာ မရှိပါဘူး။
ဘီစီ ၁၀၀၀ ကျော်လောက်က တရုတ်ပြည်ရဲ့ သင်္ချာဗေဒ ကျမ်းတွေမှာ Lo Shu (လိုရှု) ဆိုတဲ့ အင်းကွက်တစ်ကွက်ကို ဖော်ပြထားပါတယ်။ ဒီအင်းရဲ့ ဒဏ္ဍာရီကတော့ ရှေးခတ် တရုတ်ပြည် ယွီ ဘုရင် လက်ထက် ရေကြီးတဲ့အခါ မြစ်ထဲကနေ တွေ့တဲ့ လိပ်ကြီး တစ်ကောင်ကနေ စတင်တာလို့ သိရပါတယ်။ အဲဒီလိပ်ရဲ့ ကျောကုန်းခွံပေါ်မှာ တွေ့ရတဲ့ အစက်အပျောက်တွေကို ရေတွက်ကြည့်တဲ့အခါ တန်းအလိုက်၊ တိုင်လိုက်၊ ထောင့်ဖြတ်လိုက် ဘယ်လိုပေါင်းပေါင်း ၁၅ ရတယ် ဆိုတာကို ထူးဆန်းစွာ တွေ့ရှိရပါသတဲ့။ အဲဒီမှာ မဂဏန်းများကို အဖြူရောင် စက်ဝိုင်းဖြင့်၊ စုံဂဏန်းများကို အနက်ရောင် စက်ဝိုင်းဖြင့် ပြသထားတာကို တွေ့ရှိနိုင်ပါတယ်။

(Source: http://en.wikipedia.org/wiki/File:Lo_Shu_3x3_magic_square.svg)
ဒီအင်းမှာ
အနက်ရောင် စုံဂဏန်း တွေကို လေးထောင့်ကွက်ပုံနဲ့ တွေ့ရပြီး မဂဏန်းတွေကို
ကြက်ခြေခတ်ပုံနဲ့ တွေ့ရပါတယ်။ ဖိုမ နှစ်စုံ မျှတစွာ ပွေ့ဖက်နေမှုကို
ကိုယ်စားပြုတယ်လို့ တရုတ်လူမျိုးတွေက ယူဆပါတယ်။ ဒါကြောင့်
ဖုန်းရွှေပညာရပ်တွေနဲ့ ယိကျင်းလို့ခေါ်တဲ့ ကံကြမ္မာဖတ်တဲ့ပညာတွေအထိ ဒါကို
အခြေခံထားတာကို တွေ့နိုင်ပါတယ်။ ဒီ လိုရှုအင်းကို အိမ်အ၀င်ဝမှာ
ချိတ်ဆွဲထားခြင်းဖြင့် မကောင်းဆိုးဝါး တစ္ဆေ သရဲတွေ အိမ်ထဲသို့ မ၀င်နိုင်ဟု
တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ အနောက်နိုင်ငံက အိမ်တံခါးဘောင်တွေမှာ
မြင်းခွာတွေကို သံနှင့်ရိုက်ချိတ်တဲ့ အလေ့အထလိုမျိုးပါပဲ။ ဒီ Lo Shu
အင်းကိုပဲ ကမ္ဘာ့ ရှေးအကျဆုံး 3rd Order Magic Square လို့ အများစုက
သတ်မှတ်ယူဆ ထားကြပါတယ်။ ဒီ တတိယအဆင့် အင်းမျိုးက မှန်ပုံတွေ၊ လည်ပုံတွေကို
ထည့်မတွက်ပါဘူးဆိုရင် တစ်မျိုးတည်း ရှိပါတယ်။

လိုရှု
အင်းကို ဂဏန်းတွေအဖြစ် ပြောင်းလိုက်ရင် အထက်ကအတိုင်း တွေ့ရမှာဖြစ်ပါတယ်။
ဒါကို Magic Six Square လို့ ခေါ်ပါတယ်။ ရလာဒ် ၁၅ ကို တစ်လုံးကျန်အောင်
ပေါင်းလျှင် ၁ + ၅ = ၆ ဖြစ်လို့ပါပဲ။ ၆ ဂဏန်းကို သင်္ချာမှာ Perfect Number
တစ်ခု အဖြစ် သတ်မှတ်ပါတယ်။ Perfect Number ဆိုတာ Divisor လို့ခေါ်တဲ့ သူ့ကို
စားလို့ပြတ်တဲ့ ကိန်းတွေ ပြန်ပေါင်းတဲ့အခါ အဲဒီ ဂဏန်းပဲ
ပြန်ရတဲ့ဟာမျိုးပါ။ ၆ ကို စားလို့ပြတ်တာ ၁၊ ၂၊ ၃ ဂဏန်းတွေ ဖြစ်ပါတယ်။
အဲဒါတွေကို ပြန်ပေါင်းရင်လည်း ၆ ပြန်ရပါတယ်။ (၁ + ၂ + ၃ = ၆) ဒါကြောင့် ၆
ကို Perfect Number လို့ အသုံးချ သင်္ချာမှာ သတ်မှတ်ထားပါတယ်။ ဒီတော့ ဒီ ၆
ဂဏန်းကို ကျွန်တော်တို့ရဲ့ ဂမ္ဘီရနယ်မှာ အသုံးချကြည့်လို့ရပါတယ်။ အထက်က
လိုရှုအင်းကို အထူးသဖြင့် ၃၊ ၆၊ ၉ ဂဏန်းသမားတွေ အဆောင်အဖြစ်ဆောင်ရင်
ထူးခြားမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။
၆
ဆိုတာ ကိုးဂဏန်းရဲ့ ပြောင်းပြန် Reversal Number လို့ ယူဆပါတယ်။ Western
Numerology လို့ ခေါ်တဲ့ အနောက်တိုင်း သင်္ချာဗေဒင် နည်းမှာတော့ ၃ - ၆ ၊ ၆ - ၉
၊ ၉ - ၃ တွေကို မိတ်ဖက်လို့ ယူဆပါတယ်။ ဒီ Lo Shu အင်းမှာ အဲဒီ
မိတ်ဖက်ခြင်းကို တွေ့နိုင်ပါတယ်။ စုစုပေါင်း ၉ ကွက်ရှိပါတယ်။ အလျားလိုက် ၃
ကွက် ဒေါင်လိုက် ၃ ကွက်စီ ရှိပါတယ်။ ၃ x ၃ = ၉ ဖြစ်သလို... ၃ + ၆ = ၉
ဖြစ်ပါတယ်။ ဒီအင်းဟာ Saturn လို့ခေါ်တဲ့ စနေဂြိုဟ်ကို ကိုယ်စားပြုတယ်လို့
ဥရောပရဲ့ အစောဆုံး အင်းစတုရန်းတွေကို တီထွင်ခဲ့သူ Heinrich Cornelius
Agrippa က ဆိုပါတယ်။ သူဟာ အဆောင်လက်ဖွဲ့ အင်းများကို ဂြိုဟ်ခွင်အလိုက်
ပြုလုပ်ပေးတတ်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အင်းတွေကို အောက်မှာတွေ့နိုင်ပါတယ်။
|
(Source: http://en.wikipedia.org/wiki/Magic_square)
ကိန်းဂဏန်း Number တွေဟာ သက်မဲ့ရုပ်ဝတ္ထုတွေပါ သက်ရှိလူသားတွေကို ဘယ်လိုများ အကျိုးအာနိသင် သက်ရောက်မှုတွေ ဖြစ်စေနိုင်မှာလဲ လို့ စဉ်းစားစရာဖြစ်နိုင်ပါတယ်။ Energy321.com မှာ Everett Pierce က... "1, 2, 3, 4, 5, 6, 7, 8, 9, 0, are numbers. No matter what language you speak and write, numbers hold a certain value. They are energy's original language, and it applies to everything in the universe (people, places, things, stars, galaxies, etc..." လို့ ပြောပါတယ်။ သူဆိုလိုတာက ၁၊ ၂၊ ၃ ၊၄ စတာတွေဟာ ကိန်းဂဏန်းတွေပါ။ ဘယ်လို ဘာသာစကားပဲ သင်ပြောနေပါစေ... သူတို့မှာ တိကျသေချာတဲ့ တန်ဖိုးတွေ ရှိနေပါတယ်။ သူတို့ဟာ စွမ်းအင်က ဖော်ပြနေတဲ့ ဘာသာစကားဖြစ်ပြီး စကြ၀ဠာထဲက (လူ၊ နေရာ၊ အရာဝတ္ထု၊ ကြယ်၊ စတဲ့) အရာအားလုံးကို အကျိုးသက်ရောက်စေပါတယ်... လို့ ပြောပါတယ်။
အစောဆုံး တွေ့ရတဲ့ 4th Order စတုတ္ထအဆင့် အင်းလို့ ပညာရှင်တွေ သတ်မှတ် ထားတာကတော့ အန္ဒိယပြည် Khajuraho နယ်က Parshvanath ဂျိမ်းဘုရားကျောင်းမှာ ဖြစ်ပါတယ်။ ၁၂ ရာစုလောက်ကတည်းက ရှိခဲ့တယ်လို့ သိရတဲ့ ဒီအင်းကို အချိုးမကိုက်အင်းလို့ ခေါ်ကြပါတယ်။ နတ်မိစ္ဆာအင်းလို့လည်း ခေါ်ကြပါတယ်။ ဒီအင်းရဲ့ ထူးခြားချက်က တန်းအလိုက်၊ တိုင်အလိုက်၊ ထောင့်ဖြတ်လိုက် ပေါင်းရင် ကိန်းသေပေါင်းလဒ် ၃၄ ရတာကို တွေ့ရှိရပါတယ်။ ၂၊ ၁၂၊ ၅၊ ၁၅ စတဲ့ အကွက်တွေကို ပေါင်းရင်လည်း ၃၄ ရတာကို တွေ့နိုင်ပါတယ်။ လေ့လာကြည့်ရင် အခြားထူးခြားချက် အများအပြားရှိနိုင်ပါတယ်။

(Source: http://commons.wikimedia.org/wiki/File:2152085cab.png)
7 | 12 | 1 | 14 |
2 | 13 | 8 | 11 |
16 | 3 | 10 | 5 |
9 | 6 | 15 | 4 |
စတုတ္ထအဆင့်အင်း 4th Order Magic Square စုစုပေါင်း ၈၈၀ ရှိတယ်လို့ သင်္ချာနည်းနဲ့ တွက်ထုတ် ထားတာကို သိရပါတယ်။ ဒါပေမယ့် ဒီအင်းတွေကို ဂမ္ဘီရနယ်ကလွဲပြီး အခြား လက်တွေ့မှာ အသုံးပြုတဲ့သူတွေ ရှားပါတယ်။ ဂျာမနီ ပန်းချီဆရာ Albrecht Dürer က သူသစ်ထွင်းပန်းချီကား တစ်ခုမှာ အဲဒီ စတုတ္ထအဆင့် အင်းတွေထဲက တစ်ခုကို အသုံးပြုခဲ့ပါတယ်။ ဒါဟာလည်း သမိုင်းဝင် မှော်အင်းကွက် တစ်ခုအဖြစ် မှတ်ကျောက်တင်နေဆဲပါ။
.jpg)
(Source: http://en.wikipedia.org/wiki/File:Albrecht_D%C3%BCrer_-_Melencolia_I_(detail).jpg)
ဒူးရားရဲ့အင်းမှာ ထူးခြားချက်တွေ ရှိပါတယ်။ အဲဒါတွေက...
the two sets of four symmetrical numbers
(2+8+9+15 and 3+5+12+14)
the sum of the middle two entries of the two outer columns and rows
(5+9+8+12 and 3+2+15+14)
in four kite or cross shaped quartets
(3+5+11+15, 2+10+8+14, 3+9+7+15, and 2+6+12+14)
ဒါ့အပြင် အဲဒီအင်းရဲ့ အောက်ဆုံးတန်း အလယ် နှစ်ကွက် ၁၅၁၄ ဟာ ပန်းချီ ဆွဲတဲ့ ခုနှစ်ဖြစ်ပြီး ၁၅၁၄ မှာ ထိပ်ပိတ်အနေနဲ့ ရှိနေတဲ့ ၁ နဲ့ ၄ ဟာ သူ့ရဲ့ Initial နာမည်အစတွေဖြစ်တဲ့ A = 1, D = 4 ကို ကိုယ်စားပြုတာပါလို့ ဆိုပါတယ်။ ဒီ စတုတ္ထအဆင့် အင်းတွေဟာ ပေါင်းလိုက်ရင် ၃၄ (၃ + ၄ =၇) ဖြစ်တဲ့အတွက် ၇ ဂဏန်းပိုင်ရှင်တွေ ဆောင်သင့်ပါတယ်။ ၇ ဂဏန်းဟာ ၉ ဂဏန်းနဲ့ ဆက်သွယ်နေသလို ထူးခြားချက်တွေလည်း အများအပြား ရှိပါတယ်။ Dan Brown ရဲ့ Davinci Code ဇာတ်လမ်းထဲမှာ ဒီ Magic Square ကို The Lost Symbol ရှာတဲ့ Code တစ်ခု အနေနဲ့ထည့်သွင်းထားတာ တွေ့ရပါတယ်။

စတုတ္ထအဆင့်အင်းမှာ ၃၄ ရတာ မကြိုက်နှစ်သက်တဲ့အတွက် ကိန်းဂဏန်းအချို့ကို ပြောင်းလဲထည့်သွင်း အသုံးပြုတာကို ဥရောပက ဘာဆီလိုးနားမှာ ရှိတဲ့ Church တစ်ခုမှာ တွေ့နိုင်ပါတယ်။ ပန်းပု ဆရာ Josep Subirachs ထုဆစ်ခဲ့တဲ့ အဲဒီ Sagrada Família church ရဲ့ ခရစ်တော် ဒုက္ခခံစားရတဲ့ ပန်းပုမျက်နှာစာမှာ... ထည့်သွင်းထားတဲ့ အင်းကွက်ကတော့ ကိန်းသေ ၃၃ ရပါတယ်။ အဲဒီအင်းဟာ ဒူးရားရဲ့ ပန်းချီပါ အင်းကွက်နဲ့ ဆင်ပြီး ပေါင်းလဒ် ကိန်းသေ ၃၃ ရဖို့အတွက် ၁၄ နဲ့ ၁၀ ကို နှစ်ကြိမ်တိတိ အသုံးပြုထားတာကို တွေ့ရပါတယ်။ ၃၃ ဟာ ယေရှုခရစ် စတင်ပြီး ဒုက္ခခံစားရတဲ့ အသက်ဖြစ်ပါတယ်။ အဲဒီအင်းကွက်ဟာ ၆ ဂဏန်း (၃ + ၃ =၆) ကို ကိုယ်စားပြုပါတယ်။
Credit: အုပ်စိုး
No comments:
Post a Comment