Tuesday, August 27, 2013

ဝတ္ထုလေးတစ်ပုဒ်

အရင်ပို့စ်တုန်းက မှော်ပညာနှင့်ပတ်သက်တဲ့ ၀တ္ထုတိုတစ်ပုဒ် ရှည်တစ်ပုဒ် ရေးလျက်ရှိကြောင်း ဖော်ပြပေးခဲ့ပါတယ်။ အဲဒီ ၀တ္ထုလေးရဲ့ အစကို ဖတ်ကြည့်ပါအုန်း။ အစပဲ ပြောပြမှာနော်...............။

တိတ်ဆိတ်နေသော ညတစ်ညပါ။ သန်းခေါင်ကျော် ညဥ့်နက်ပြီ ဖြစ်နေသဖြင့် လမ်းသွားလမ်းလာများ ရှင်းလင်းနေပါတော့တယ်။ ထိုအချိန်တွင် မအိပ်နိုင်သေးသူတစ်ယောက်တော့ ရှိနေပါတယ်။ မီးရောင်တလက်လက်လက်နေတဲ့ အိမ်လေးတစ်ခုအတွင်းတွင် အသံများဆူညံနေလေသည်။ မီးဖွားသံများ မီးခိုးမွေးများဖြင့် အိမ်တစ်ခုလုံး ပြည့်နှက်နေလသည်။ ထိုအိမ်မှာ မှော်ဆရာမကြီး အဲသာလန် ဖြစ်ပေမည်။ အဲသာလန်ဆိုပေမယ့် အင်္ဂလိပ်လူမျိုးမဟုတ်ဘဲ မြန်မာလူမျိုးစစ်စစ်ဖြစ်ပါသည်။ အမည်အရင်းကတော့ ဒေါ်မာခ ဖြစ်ပါတယ်။ မီးဖိုရှေ့တွင် ထိုင်ပြီး အိုးကြီးတစ်အိုးကို အလွန်မည်းနက်လှသော ယောင်းမကြီးနှင့် မွှေနေလေသည်။ အနားတွင် အရုပ်ဆိုးဆိုးနဲ့ အကျည်းတန်လှသော ခွေးနက်ကြီးတစ်ကောင် ရှိလေသည်။ ခွေးနက်ကြီးကတော့ မီးဖိုအနားမှာ ခလုခလောနဲ့ အိပ်စက်နေလေသည်။ အိုးကြီးထဲတွင် အရည်များသည် တပွက်ပွက်နဲ့ဆူပွက်လာလေသည်။ “ ဟာသွားပြီ ဘယ်လာဒွန်နာဆေးပင် မထည့်ရသေးဘူး။ အစည်းအဝေးတက်ဖို့ နောက်ကျနေပြီ။ ဒုက္ခပါပဲ။” ဟု ရုတ်တရက် ညီးသံထွက်ပေါ်လာလေသည်။
“ ဆေးပင်ရှာတွေ့စေ(Wicci Tranp Ymees)” ဟု မှော်တုတ်တံကို ကိုင်ပြီး အော်လိုက်လေသည်။ ထိုအချိန်တွင် အိပ်နေသော ခွေးနက်ကြီးသည် မျက်လုံးပွင့်လာတော့သည်။ တခီးခီး အသံကြီးနဲ့ တစ်ခုခုကို အန်ချင်သလိုလို ဖြစ်နေသည်။ “ အော့ …. ’’ အသံနှင့်အတူ ဆေးပင်တစ်ပင် အကျိအခြွဲတွေနဲ့အတူ အပင်ကို ထွက်လာလေသည်။ “ ကြည့်စမ်း ကြည့်စမ်း ဘယ်လာဒွန်နာကို ခိုးစားထားတယ်။ ငါကတော့ ဘာလို့အိပ်နေတာလဲလို့ ဆေးမူးပြီး အိပ်နေတာကိုး။ ကာဗွန်ဒိုင် နင်လုပ်တာနဲ့ အစည်းအဝေး နောက်ကျတော့မယ်။ ဘယ်လို ခွေးလည်း မသိဘူး။ ငါ့အဖေက ချစ်လို့မွေးထားလို့ နင် ဆက်ရှိနေတာ မဟုတ်ရင် သတ္တ၀ါဆန်းများထိန်းသိမ်းရေးဌာနကို ပိုက်ဆံပေးပြီး ပို့လိုက်ချင်တော့တယ်။” (စကားချက်။ ။ ဘယ်လာဒွန်နာဆေးပင်မှာ အဆိပ်ပင်တစ်မျိုးဖြစ်သည်။ သာမန်သတ္တ၀ါစားလျှင် ဖြစ်စေ၊ မျိုချမိသည်ဖြစ်စေ အဆိပ်သင့်၍ သေနိုင်ပေသည်။ သို့သော် ကာဗွန်ဒိုင်ခွေးနက်ကြီးသည် အသက်(4500) ရှိနေပြီဖြစ်သည်။ ထိုကြောင့် စွမ်းအင်တွေ စွမ်းအားတွေ ရှိနေသောကြောင့် အဆိပ်ပင်မှာ သူ့ကို မူးမေ့စေရုံလောက်သာ ဖြစ်စေသည်။)။ အဲသာလန်လည်း ဆေးပင်ကို ကောက်ယူလိုက်ပြီး အိုးထဲကို ထည့်လိုက်လေသည်။ အိုးထဲတွင် အရည်တွေမှာ ပထမအပြာရောင် နောက်အဖြူရောင် အ၀ါရောင် အနီရောင် အစိမ်းရောင် စသဖြင့် အရောင်များ လင်းလက်လာပြီး တဖြည်းဖြည်းနဲ့ အရည်ခန်းသွားလေတော့သည်။ ထိုအခါ အဲသာလန်က ယောင်းမကြီးနဲ့ ခပ်ယူလိုက်ရာ ယောင်းမတစ်ဇွန်းစာလောက်သာ ကျန်တော့တယ်။ အဲဒီ့အရည်တွေကို ဖန်ပုလင်းတိုလေးထဲကို ထည့်လိုက်တယ်။ “ ကဲ သွားဖို့တော့ အဆင်သင့်ဖြစ်နေပြီ။” ဟု ပြောလိုက်တယ်။ အိမ်ထောင့်တွင် ထောင်ထားသော တံမြက်စည်းကို လှမ်းယူလိုက်ပြီး ဖန်ပုလင်းထဲက အရည်နဲ့ ဖျန်းလိုက်တယ်။ တံမြက်စည်းအရိုးကို ခွထိုင်လိုက်ပြီး
“ Horse and hattock,
Horse and goe,
Horse and Pellattis
Ho! Ho! ” ဟု ရေရွတ်လိုက်လေသည်။ ထိုအခါ တံမြက်စည်းကြီးသည် လေထဲသို့ ပျံတက်သွားလေသည်။ ခွေးနက်ကာဗွန်ဒိုင်ကတော့ အပေါ်ကို မော့ကြည့်ရင်း တအုအု နဲ့ အုနေလေသည်။ ဒီကနေ့က နှစ်တစ်ရာကြိမ်မြောက် မှော်ပညာရှင် အစည်းအဝေးတော့ မဟုတ်ပေမယ့် အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်ဖို့အတွက် အစည်းအဝေးတစ်ခု ခေါ်လိုက်ခြင်း ဖြစ်ပေသည်။ တံမြက်စည်းကြီးမှာ အရောင်တွေဖြာရင်းနဲ့ ပျောက်ကွယ်သွားလေသည်။ မှော်ပညာရှင်တို့ စုဝေးနေကြဖြစ်တဲ့ မောင့်ကိတ်တာ(Mount Kactar) အဆောက်အအုံထဲသို့ ရှေးရှုပျံသန်းသွားလေသည်။ တံမြက်စည်းပျံကြီးသည် အရှိန်တ၀ုန်းဝုန်းနဲ့ မြှင့်လာလေသည်။ ထိုအချိန်တွင် အိပ်ကပ်ထဲတွင် ထည့်ထားသော ဖန်ပုလင်းတိုလေးသည် အောက်သို့ ပြုတ်ကျသွားလေသည်။ ဖန်ပုလင်း ပြုတ်ကျသွားသော်လည်း အဲသာလန် သတိမထားမိ။ စိတ်ထဲမှာတော့ အစည်းအဝေးကို နောက်ကျမည်ကို စိုးရိမ်နေသောကြောင့် ဘာမှကို မသိတော့ပေ။ တံမြက်စည်းပျံကြီးသည် တဖြည်းဖြည်းနှင့် နိမ့်လာသည်။ တဖြည်းဖြည်းနဲ့ အရှိန်လေးလည်း နှေးလာပြီး မုခ်ဦးတစ်ခုရှေ့တွင် ရပ်သွားလေသည်။ ထိုအခါ အဲသာလန်သည် တံမြက်စည်းပေါ်မှ ဆင်းလိုက်ပြီး မုခ်ဦးဆီသို့ လမ်းလျှောက်သွားလေသည်။ ထိုအချိန်တွင် အရှိန်ပြင်းပြင်းနှင့်လာနေသော အသံကိုကြားသဖြင့် အပေါ်ကို မော့ကြည့်လိုက်ရာ အရှိန်ဖြင့် ဆင်းလာတဲ့ တံမြက်စည်းပျံကြီးသည် သူ့ပေါ်ကို ပြုတ်ကျလာလေသည်။ အဲဒီ တံမြက်စည်းကို စီးလာသူကတော့ ဒေါ်ရှက်ပြာခေါ် အီသာလု ဖြစ်သည်။
“ အား….သေပါပြီ။ ဒီ တံမြက်စည်းပျံပိုင်ရှင်ဘယ်သူလဲ။ မှော်ခုံရုံးမှာ တရားစွဲမယ်။ ခါးရိုးကျိုးပြီလားတောင် မသိဘူး။ နာလိုက်တာ..” ဟု အဲသာလန် ဒေါသတကြီးနှင့် အော်လိုက်လေသည်။ အဲသလန်၏အော်သံကြောင့် ကောင်းကင်တွင် ပျံနေသော လင်းတနှစ်ကောင်မှာ ချက်ချင်းကို ပြုတ်ကျလာပြီး မြေကြီးပေါ်သို့ ကျကာ သေဆုံးသွားလေသည်။ " အဲသာရယ်.......... စိတ်လျှော့ပါကွယ်။ ငါတောင်တောင်းပန်ပါတယ်။ ငါ အီသာပါ။ ငါတံမြက်စည်းကိုတော့ မှော်တံမြက်စည်း
ရောင်းဝယ်ရေးဌာနမှာ သွားပြင်ရအုန်းမယ်။ အရှိန်သပ်လို့ မရဘူးဖြစ်နေတယ်။ " ဟု အီသာလုမှာ ငိုသံပါလေးနှင့် ပြောလေသည်။ ထိုအခါ အဲသာလန်က " နင်ကို ကြည့်လိုက်ရင် အဲဒီအတိုင်းပဲ။ အဲဒါကြောင့်ပဲ ဒေါ်ရှက်ပြာလို့ ခေါ်တာ ငါ့နေရာမှာ အခြားသူဆိုရင်တော့ နင့်ကို စိတ်ဆိုးပြီး ကျိန်စာတိုက်လိမ့်မယ်။ အဲဒီ တံမြက်စည်းကို ပြင်ပါဆိုလည်း မပြင်ဘူး။ မပြင်ရင်လည်း ရိုးရိုးတံမြက်စည်းကို အရည်ဖျန်းပြီး သုံးပါဆိုလည်း အရည်ကျိုရမှာ ပျင်းတယ်တဲ့။ နင်မပြင်ဘူးဆိုရင်တော့ နင့်ကို ငါကျိန်စာတိုက်မယ်။" ဟု ပြောလိုက်လေသည်။ '' အေးပါဟာ..... ပြင်ပါ့မယ်။ ပြင်ပ့ါမယ်။ "

ဆက်ဖတ်ချင်တယ်ဆိုရင်တော့ စာအုပ်ကို မျှော်နေပါ.................။
မင်းခ(ခ)Mr.Kamawna
အဘရာဘာရာဘရာ

No comments:

Post a Comment