Wednesday, June 12, 2013

မှော်အင်းကွက်(၃)

(Source: Ripley's Believe it or Not)

စကားဦး။ ။ ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါ၏။

"I have often admired the mystical way of Pythagoras, and the secret magic of numbers"
(Sir Thomas Browne)

ဒီပို့စ်ရဲ့ အပေါ်ဆုံးမှာ ပြထားတဲ့ Magic Square ကတော့ Upside Down Magic Square လို့ ခေါ်ပါတယ်။ ကျွန်တော့်ဆီမှာ ရှိတဲ့ တော်တော်လေး ဟောင်းနွမ်းနေတဲ့ Ripley's Believe it or Not စာအုပ်ထဲက တွေ့တာပါ။ ဘယ်နှစ်ခုနှစ်က ထုတ်ခဲ့တယ်ဆိုတာ မသိရပါဘူး။ အဲဒီ Upside Down Magic Square ဆိုတဲ့ စောက်ထိုး မှောက်ခုံ မှော်အင်းကွက်ဟာ ပေါင်းရကိန်းသေ ၂၆၄ ရပါတယ်။ အဲဒီပုံကို စောက်ထိုး လုပ်ကြည့်လိုက်မယ် ဆိုရင် အောက်က အတိုင်း ဖြစ်သွားပါမယ်။ အဲဒီအခါမှာလည်း ပေါင်းလဒ် ၂၆၄ ပဲ ရတာကို တွေ့ရပါမယ်။

(Source: Ripley's Believe it or Not)

အဲဒီစာအုပ်ထဲကပဲ နောက်ထပ် အင်းကွက်တစ်ခု ထပ်တွေ့ပါတယ်။ Ripley က 3 Way Magic Square လို့ အမည်ပေးထားတဲ့ အဲဒီ မှော်အင်းကွက်ဟာ အပေါင်း၊ အနှုတ်၊ အမြှောက် သုံးခုစလုံး လုပ်နိုင်ပြီး ကိန်းသေ ရလာဒ် ၁၀၀ ဖြစ်ပါသတဲ့။ အောက်မှာ ကြည့်နိုင်ပါတယ်။ အဲဒီအင်းကွက်မှာ အနှုတ်သင်္ကေတတွေ၊ အမြှောက်သင်္ကေတတွေ ပါတာကို တွေ့ရမှာ ဖြစ်ပါတယ်။
(Source: Ripley's Believe it or Not)

Magic Diamond လို့ အမည်ရတဲ့ မှော်အင်းကွက် တစ်ခုကိုလည်း အဲဒီ စာအုပ်ထဲမှာ ထပ်တွေ့ပါတယ်။ တစ်လိုင်းတည်းမှာ ရှိတဲ့ ဂဏန်း ၄ ခု၊ တြိဂံ အသေးလေးတွေထဲမှာ ရှိတဲ့ ဂဏန်း ၄ ခု၊ ထောင့်လေးထောင့်မှာ ရှိတဲ့ ဂဏန်း ၄ခု စသည်ဖြင့် နည်းလမ်း တော်တော်များများနဲ့ ပေါင်းကြည့်ရင် ကိန်းသေ ၆၆ ထွက်တဲ့ မှော်အင်းကွက် ဖြစ်ပါသတဲ့။
(Source: Ripley's Believe it or Not)

Magic Square ဆိုတဲ့ မှော်အင်းကွက် တွေဟာ အင်မတန်မှ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့အတွက် သင်္ချာဗေဒပညာရှင်တွေ၊ ဂမ္ဘီရသမားတွေ၊ အစီအရင် လေ့လာတဲ့သူတွေ စသဖြင့် လူတော်တော်များများက လေ့လာဆည်းပူးခဲ့ပါတယ်။ အသုံးချဖို့ လူအများကို ဖြန့်ဝေခဲ့ပေမယ့်... ရေသားနည်းတွေကို ထိန်ချန်ခဲ့ကြပါတယ်၊ လျှို့ဝှက်ခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်သစ်သိပ္ပံသမား၊ သင်္ချာသမားတွေကတော့ မနေနိုင်ပါဘူး။ ပညာရှင်တွေကို အားမကိုးဘဲနဲ့ ကိုယ်တိုင် ဖန်တီးနိုင်တဲ့အထိ သီအိုရီတွေ စိတ်ဝင်စားဖွယ် ဖော်မြူလာတွေ တွက်ထုတ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ရလာဒ်အချို့ထဲက ကျွန်တော်တို့ အသုံးချနိုင်တာကတော့ မိမိရဲ့ မွေးနေ့ဂဏန်းတွေကို ထည့်ပြီး Magic Square တွေကို ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။

ပထမဆုံး 3 x 3 Magic Square လို့ခေါ်တဲ့ တတိယအဆင့် မှော်အင်းကွက် တစ်ခုကို ကျွန်တော်တို့ ဖန်တီးကြည့်ကြမယ်ဆိုပါတော့။ ဒီအတွက် အောက်က ဇယားကွက်ကို ကြည့်ပါ။

a + c
a + b - c
a - b
a - b - c
a
a + b + c
a + b
a - b + c
a - c


ဒီနေရာမှာ အဓိက ထည့်သွင်းရမှာ a, b, c အက္ခရာ သုံးလုံးဖြစ်ပါတယ်။ အဲဒီမှာ သင့်ရဲ့ မွေးသက္ကရာဇ်ကို အစားထိုးကြည့်ပြီး ဖန်တီးလို့ ရပါတယ်။ ဒါဆိုရင် အဲဒါဟာ သင့်မွေးသက္ကရာဇ်နဲ့ ဖန်တီးထားတဲ့ မှော်အင်းကွက် တစ်ကွက် ဖြစ်သွားပါလိမ့်မယ်။ ဒီလို ဖန်တီးတဲ့နေရာမှာ လိုက်နာရမယ့် ဥပဒေသ နှစ်ခုရှိပါတယ်။

(a > b + c) ... a ဟာ b နဲ့ c ပေါင်းတဲ့ ရလာဒ်ထက် အမြဲတမ်း ကြီးရမှာ ဖြစ်ပါတယ်။ ဒါမှ Magic Square ဟာ အနှုတ်ကိန်းတွေ မထွက်မှာ ဖြစ်ပါတယ်။

(အနှုတ်ကိန်း ထွက်တဲ့ Magic Square တွေဟာ အင်မတန် ဆိုးဝါးပါတယ်။ အဲဒီလို Magic Square တစ်ခုကို အသုံးပြုမိလို့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် စိတ်ထိခိုက်ရောဂါ ရသွားခဲ့ပါတယ်။ ခုချိန်ထိပါ။ မိတ်ဆွေတစ်ယောက်လည်း နောက်ပြောင်သလို လုပ်လို့ ထိခိုက်ဒဏ်ရာ ဖြစ်ခဲ့ပါတယ်။ အနှုတ်ကိန်းပါတဲ့ အင်းတွေတိုင်း အဆိုးမဟုတ်သော်လည်း သေချာမသိပါက အသုံးမပြုတာ အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုလိုပါတယ်။)

(2 b ≠ c) ... b ရဲ့ နှစ်ဆကိန်းဟာ c နဲ့ မတူညီအောင် ထားရမှာ ဖြစ်ပါတယ်။ ဒါမှ အင်းကွက်ထဲမှာ ပါတဲ့ ကိန်းတွေ မထပ်မှာ ဖြစ်ပါတယ်။ အဲလိုကိန်းမထပ်ခြင်းဟာ အင်းကွက်ရဲ့ အစွမ်းသတ္တိကို ပိုမြင့်စေတယ်လို့ အရင်ခေတ်တွေက ယူဆခဲ့ပါတယ်။

ထွက်လာတဲ့ အင်းကွက်ရဲ့ အဖြေကိန်းသေဟာ 3 a ဖြစ်ပါတယ်။

နမူနာအနေနဲ့ ဒီနေ့ ရက်စွဲ ၁၉ - ၀၁ - ၂၀၁၀ ကို တွက်ကြည့်ကြရအောင်။ ၂၀၁၀ ကို ၁၀ အနေနဲ့ပဲ ယူလိုက်ပါမယ်။

a > b + c ဖြစ်ဖို့အတွက် (a = 19) ဆိုရင် အဆင်ပြေမှာ ဖြစ်ပါတယ်။
2 b ≠ c ဖြစ်ဖို့ (b = 1, c = 10) ဒါမှမဟုတ် (c = 1, b = 10) ဘယ်လိုထားထား အဆင်ပြေပါမယ်။
ဒီတော့ (a = 19, b = 1, c = 10) ဆိုပြီး ထားလိုက်ပါမယ်။ စုစုပေါင်း ကိန်းသေရလာဒ် ၅၇ (၁၉ x ၃) ထွက်တဲ့ Magic Square တစ်ခု ဖြစ်ပါတယ်။ အောက်မှာ ကြည့်ပါ။

29
10
18
8
19
30
20
28
9


အထက်ကနည်းကို သိသွားရင်ဖြင့် တရုတ်တွေရဲ့ လိုရှုအင်းလိုမျိုး တတိယအဆင့် အင်းတစ်ခုကို သင့်မွေးနေ့တွေ ထည့်ပြီး အလွယ်တကူ ဖန်တီးလို့ ရပါပြီ။ ဆက်လက်ပြီး ဒူးရားရဲ့ ပန်းချီကားထဲက အင်းကွက်ထဲကလို မိမိထည့်သွင်းချင်တဲ့ ခုနှစ်ပါအောင် လုပ်နိုင်တဲ့ 4 x 4 အင်းကွက် တစ်ခု ဖန်တီး ကြည့်ရအောင်ပါ။ အောက်က အင်းကွက်ကို ကြည့်ပါ အဲဒီက အက္ခရာတွေကို ညွှန်းဆိုသွားပါမယ်။ အင်းကွက်ရဲ့ အဖြေကိန်းသေကတော့ a + b + c + d ပဲဖြစ်ပါတယ်။

a b c d
e f g h
i j k l
m n o p


၁) ပထမဆုံး အပေါ်ဆုံး လေးကွက်မှာ (a, b, c, d) နေရာမှာ သင်လိုအပ်တဲ့ မွေးနေ့ကို ထည့်ပါ။ နမူနာအနေနဲ့ ဒီနေ့ ရက်စွဲ (၁၉ - ၀၁ - ၂၀၁၀) ကို ထည့်ပါမယ်။
19 1 20 10














၂) b + c = m + p ရအောင် ဖန်တီးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ အဖြေတွေ အမျိုးမျိုး ရှိပါတယ်။ ရှိပြီးသား ဂဏန်းတွေကို ရှောင်ပြီး ဖန်တီးနိုင်ရင် ပိုကောင်းပါမယ်။
19 1 20 10








6

15


၃) a + p = g + j ဖြစ်အောင် လုပ်ပါမယ်။ ဒီမှာလည်း အဖြေတွေ အမျိုးမျိုး ရှိပါမယ်။ ရှိပြီးသား ဂဏန်းတွေကို ရှောင်ပြီး ဖန်တီးနိုင်ရင် ပိုကောင်းပါတယ်။
19 1 20 10


18

16

6

15


၎) m + d = f + k ဖြစ်အောင် ဖန်တီးပါမယ်။
19 1 20 10

9 18

16 7
6

15


၅) b + n = g + k ဖြစ်အောင် ဖန်တီးရပါမယ်။ ဒါကြောင့် n = 24 ဖြစ်ပါတယ်။
19 1 20 10

9 18

16 7
6 24
15


၆) c + o = f + j ဖြစ်အောင် လုပ်ပါမယ်။ ဒါကြောင့် o = 5 ဖြစ်ရပါမယ်။
19 1 20 10

9 18

16 7
6 24 5 15


၇) a + m = h + l ဖြစ်အောင် လုပ်ပါ။ ဖြစ်နိုင်ချေတွေ အမျိုးမျိုး ရှိပါတယ်။ ပါဝင်ပြီးသား ဂဏန်းတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါ။
19 1 20 10

9 18 12

16 7 13
6 24 5 15


၈) နောက်ဆုံးအနေနဲ့ ကတော့ မီးစင်ကြည့်ကပြီး e နဲ့ i မှာ ဖြည့်ဖို့ပါ။ အလျားလိုက် ထောင်လိုက် ဘယ်လို ပေါင်းပေါင်း တူနေရမှာ ဖြစ်တဲ့အတွက် e = 11, i = 14 ဖြည့်လိုက်ပါတယ်။ ဒီနေရာမှာ ဖြည့်တဲ့အခါ ပါပြီးသား ဂဏန်းတွေ ဖြစ်နေတယ်ဆိုရင် အဆင့် ၇ မှာ h နဲ့ l ကို ပြန်ပြောင်းရမှာ ဖြစ်ပါတယ်။ စမ်းသပ်ကြည့်ပါ။
19 1 20 10
11 9 18 12
14 16 7 13
6 24 5 15


ဒါဆိုရင်တော့ အလျားလိုက်၊ ဒေါင်လိုက်၊ ဒေါင့်ဖြတ်လိုက် ဘယ်လို ပေါင်းပေါင်း ၅၀ ရတဲ့ စတုတ္ထအဆင့် အင်းကွက်တစ်ခုကိုရရှိမှာပါ။ အဲလိုပါပဲ သင်အလိုရှိတဲ့ ခုနှစ်သက္ကရာဇ်ကို ထည့်သွင်း ရေးဆွဲနိုင်ပါတယ်။ ဒီနေရာမှာ ကျေးဇူးပြုပြီး အနှုတ်ကိန်းတွေ ထည့်ပြီး အသုံးမပြုဖို့ ထပ်မံ သတိပေးလိုပါတယ်။

အဲဒီလို အင်းကွက်မျိုး ဖန်တီးတာ ဟိန္ဒူအယူဝါဒမှာလည်း ရှိပါတယ်။ Yantra လို့ခေါ်ပါတယ်။ အဲဒီ ယန္တြာတွေမှာ ပုံနဲ့ ရှိသလို 4x4 Magic Square အနေနဲ့လည်း ရှိပါတယ်။ The word "Yantra" is derived from two Sanskrit words - "Yam" means "to support" and "Trana" means "freedom" လို့ ဆိုပါတယ်။ အဲဒီ ယန္တြာတွေကို ဖန်တီးတာဟာ အထက်က မှော်အင်းကွက် ဖန်တီးတာနဲ့ ဆင်ပါတယ်။ ကွာခြားတာ တစ်ခုက a, b, c, d နေရာမှာ d နေရာမှာ ခုနှစ်၊ လ၊ ရက် အားလုံးကို ပေါင်းပြီး ရလာတဲ့ နောက်ဆုံးပိတ် တစ်လုံးတည်း ကျန်တဲ့ ဂဏန်းကိုထည့်ခြင်းပါပဲ။ ကျွန်တော်တို့ နမူနာဖြစ်တဲ့ ၁၉ - ၀၁ - ၂၀၁၀ ဆိုရင် (a = 19, b = 1, c = 10, d = 5) ဖြစ်ပါမယ်။

အဲဒါကိုမှ ကိုယ်တိုင် တွက်ချက်ရမှာဖြင့် ခက်ပါတယ် ဆိုရင် အောက်ကလင့်ခ်မှာ မွေးသက္ကရာဇ်ကို ရိုက်ထည့်ပြီး အလွယ်တကူ ဆွဲခိုင်းလို့ ရပါတယ်။

Create your personal Yantra >>> http://www.markfarrar.co.uk/yantra01.htm

4 x 4 Magic Square တစ်ခုကို အထက်က အတိုင်း မီးစင်ကြည့်ကရတာကို မနှစ်သက်လို့ ဖော်မြူလာနဲ့မှ ဖန်တီးချင်တဲ့သူတွေအတွက် အောက်မှာ Algebraic Formula နဲ့ ဇယားတွေ ဖော်ပြထားပါတယ်။ စာပြန်ရိုက် ဇယားဆွဲရမှာ ပျင်းတာနဲ့ ဒီတိုင်း စာအုပ်ကို ဓာတ်ပုံ ရိုက်တင်လိုက်တာကို သီးခံပေးပါ။ A, B, C, D နဲ့ a, b, c, d ဆိုပြီး အက္ခရာ အကြီးအသေးတွေက မတူပါဘူး။ အဲဒီမှာ မိမိကြိုက်နှစ်သက်တဲ့ ဂဏန်းတွေကို အစားထိုးပြီး ဖန်တီးလို့ ရပါတယ်။
(Source: Analytical Formulae and Algorithms for Constructing Magic Squares from an Arbitrary set of 16 Numbers)



Credit: အုပ်စိုး

No comments:

Post a Comment