Wednesday, June 12, 2013

ထိုင်းနိုင်ငံမှ စမ၊ အင်းကွက်များအကြောင်း






အောက်မှာတွေ့ရတဲ့ အင်းစမ အမျိုးအစားကို “ကောက်ယော့ဒ်” လို့ ခေါ်ပါတယ်။ “ကောက်” ဆိုတာ ၉ ဂဏန်းဖြစ်ပြီး “ယော့ဒ်” ဆိုတာက ဘုရား၊ တန်းဆောင်တွေရဲ့ ထိပ်ဖျားက စုလစ်မွန်းချွန်လို ပုံစံကို ခေါ်တာပါ။ မိတ်ဆွေကြီး ကိုစိုင်းအောင်နဲ့ ဂျီတော့ခ်မှာ ဒီအကြောင်း ပြောဖြစ်တော့ သူက ဘုရားကိုးဆူအင်း ဘာညာ ပုံစံမျိုး ဖြစ်မှာပေါ့လို့ ဆိုပါတယ်။ ဂိုဏ်းနဲ့ ဆရာတွေကွာလို့ “ယန့်ကောက်ယော့ဒ်” တွေ အမျိုးမျိုး ရှိနိုင်ပါတယ်။







နောက်ထပ်တွေ့ရတာကတော့ “ယန့်ဟတျိုး” လို့ ခေါ်ပါတယ်။ ထိုင်းဘာသာအရ “ဟ” ဆိုတာ ၅ ဂဏန်း ဖြစ်ပြီး “တျိုး” ဆိုတာ လိုင်းကြောင်းလို့ အဓိပ္ပာယ် ရပါတယ်။ မြင့်မြတ်တဲ့ လိုင်းကြောင်း ငါးကြောင်းပါတဲ့ ပုံလို့ အဓိပ္ပာယ် ရပါတယ်။ ပုံထဲမှာ ပါတဲ့ စာတွေကို အလျားလိုက်သွင်းထားတာ ဖြစ်ပေမယ့် ပုံကို ထိုးတဲ့အခါ ထောင်လျက် ထိုးကြပါတယ်။



ပုံထဲမှာ ရေးသွင်းတဲ့ အက္ခရာတွေက ကမ္ဘောဒီးယား ခမာ အက္ခရာတွေဖြစ်ပါတယ်။

န မော ဗုဒ် ဓါ ယ န မေ တိ
မော ဗုဒ် ဓါ ယ န န မေ တိ
ဗုဒ် ဓါ ယ န မော န မေ တိ
ဓါ ယ န မော ဗုဒ် န မေ တိ
ယ န မော ဗုဒ် ဓါ န မေ တိ


ထိုင်းနိုင်ငံမှာ နောက်ထပ် အတွေ့ရများတာကတော့ ဟိန္ဒူဘာသာနဲ့ နွှယ်တဲ့ ပုံတွေဖြစ်တဲ့ မဟာပိန္နဲ၊ ဟာနုမာန် စတဲ့ ပုံတွေ၊ နတ်ဒေဝတာ ပုံတွေပဲ ဖြစ်ပါတယ်။ ရာမယန ဇာတ်တော်ထဲက တန်ခိုးအစွမ်းရှိတဲ့ ဟာနုမာန်ကို ထိုင်းတွေက တန်ခိုး ဣိဒ္ဓိပါဒ် ရှိတဲ့နေရာ စံထားပြီး အသုံးပြု ရေးဆွဲကြပါတယ်။







ဟိန္ဒူနတ်ဘုရားတွေကို ယုံကြည်တဲ့ ထိုင်းနိုင်ငံမှာ Ganesh ဆိုတဲ့ မဟာပိန္နဲ ကိုယ်တော်ကိုလည်း ကိုးကွယ်ကြပါတယ်။ အောက်က မဟာပန္နဲပုံမှာ ရေးထိုးထားတဲ့ စာကို Lanna (ထိုင်းမြောက်ပိုင်း) စာလို့ ခေါ်ပါတယ်။ မြန်မာနဲ့ တော်တော်လေး နီးစပ်တာကို တွေ့ရပါမယ်။



မဟာပိန္နဲလိုပါပဲ နန်းကျော့ (Nang Gwak) ဆိုတဲ့ အမျိုးသမီး နတ်ကို ထိုင်းတွေက ကိုးကွယ်ပါတယ်။ ထိုင်းမှာရှိတဲ့ နတ်စင် အများစုမှာ အဲဒီအရုပ်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအရုပ်ဟာ လက်ယပ်ခေါ်နေတဲ့ ပုံလေး ရှိတဲ့အတွက် ဈေးဆိုင် တော်တော်များများ မှာလည်း တွေ့ရမှာ ဖြစ်ပါတယ်။



နတ်တွေကို ကိုးကွယ်သလို အတားအဆီး၊ အကာအကွယ် သဘောအနေနဲ့ ဘီလူးရုပ်ပုံ တွေကိုလည်း ရေးဆွဲ အသုံးပြုကြပါတယ်။



ဟိန္ဒူဝါဒနဲ့ ဆက်နွှယ်တဲ့အတွက် ဟိန္ဒူယန္တြာ တွေနဲ့ ခပ်ဆင်ဆင် အင်းကွက်တွေကိုလည်း တွေ့ရှိနိုင်ပါလိမ့်မယ်။






ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ နိုင်ငံမှာ ဗုဒ္ဓပုံတော်တွေနဲ့ စမတွေ ဖန်တီးတာကလည်း အဆန်းမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီအောက်က ဗုဒ္ဓပုံတော်စမဟာ ဆောင်ထားတဲ့လူကို စိတ်ပျော်ရွှင် ချမ်းမြေ့မှုတွေ ပေးစွမ်းနိုင်ပါသတဲ့။



အလားတူပဲ ဗုဒ္ဓရဲ့ နဖူးတော်မှာ ရှိတဲ့ သင်္ကေတကိုလည်း အသုံးပြု ရေးဆွဲတာ တွေ့ရပါမယ်။ ဒီသင်္ကေတကို ထိုင်းလို “န” လို့ ခေါ်ပြီး ထိုင်းနိုင်ငံတော် စည်းတံဆိပ်မှာလည်း ထည့်သွင်းအသုံးပြုထားတာ တွေ့နိုင်ပါတယ်။



ဒီအောက်က ပုံကို “ယန့်ဗုဒ္ဓမေတ္တ” လို့ ခေါ်ပါတယ်။ ဗုဒ္ဓရဲ့ မေတ္တာ စမဖြစ်ပါတယ်။



ဒီအောက်က ပုံကိုတော့ “ယန့် မဟာဥဒ်” လို့ ခေါ်ပါတယ်။ “မဟာ” ဆိုတာ ကြီးမြင့်သော လို့ ဆိုလိုပြီး “ဥဒ်” ကတော့ ပိတ်ဆို့ခြင်း၊ အတားအဆီးလို့ အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဒီအဆောင်နဲ့ဆိုရင်ဖြင့် သေနတ်ကျည်ဆံဟာ ပြောင်းဝကနေ ထွက်မလာဘဲ တစ်စုံတစ်ခုက ပိတ်ဆို့ထားသလို ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ သေနတ်ပီးတဲ့ အဆောင်အနေနဲ့ ရေးထိုး၊ ဆောင်ထားကြတယ်လို့ ဆိုပါတယ်။



ဒီအဆောင်ကလည်း “ယန့်မဟာဥဒ်” ပါပဲ။ ဒါကြောင့် သေနတ်ပီးတဲ့ အဆောင် ဖြစ်ပါတယ်။ ပုံနှစ်ခုကို ရှေ့နဲ့နောက် ကျောကပ်ပြီး ဆောင်ရတယ်လို့ သိရပါတယ်။

2 comments:

  1. မဂ်လာပါ အင်း ပုံတွှေကို အလှထိုးမို့ အဆင်ပြေလောက်မလားဗျ

    ReplyDelete
    Replies
    1. အင်းက အလှမရဘူးဗျ

      Delete